Digital Marketer ဖြစ်ချင်တယ်ဆိုရင်..



ကျွန်တော့်ကို အရမ်းမေးကြတယ်။ Digital Marketer ဖြစ်ချင်လို့ ဘာလုပ်ရမလဲ၊ Digital Marketing Field ထဲမှာ အလုပ်လုပ်ချင်လို့ ဘာတွေလိုလဲ၊ ဘယ်က စ လေ့လာရမလဲ၊ ဘာတွေပြင်ဆင်ရမလဲ စသဖြင့်ပေါ့.. ဒီမေးခွန်းတွေကို ဟိုတစ်စ ဒီတစ်စ ဖြေပေးတာထက် ဒီလို တစ်နေရာတည်း တစ်စုစည်းတည်း ရေးပေးထားခြင်းအားဖြင့် ပြည့်ပြည့်စုံစုံ တစ်ခါတည်းသိပြီး နောက်ပိုင်းလဲ Reference ပြန်လုပ်နိုင်မယ်လို့ ရည်ရွယ်ချက်နဲ့ ရေးပေးလိုက်တာပါပဲ..

ပထမဆုံး Digital Marketer ဆိုတာ ဘာလဲ Digital Marketing Field ထဲမှာ ဘယ်လိုလူမျိုးတွေအတွက် အဆင်ပြေမလဲလို့ အရင်ရှင်းပြပါရစေ…

Digital Marketing သမားတွေမှာ Function အမျိုးမျိုး ပုံစံအမျိုးမျိုး ရှိပါတယ်..


Account Management & Client Service, Strategist & Planner, Content Creator & Manager, Digital Marketing & Social Media Executive/Manager, Customer Experience & Service, Creative (Designer, Campaign Planner, Videographer, Art Director) စသဖြင့် အမျိုးမျိုး ရှိမယ်.. ဒါကြောင့် ဒီ Field ထဲ ဝင်ဖို့အတွက် တစ်ခုခုတော့ရွေးရမယ်ဗျ..

အများအားဖြင့် ကုမ္ဗဏီနဲ့ အေဂျင်စီတွေ ခေါ်လေ့ရှိတာက Digital Marketing/Social Media Executive တို့ Account Executive တို့ ခေါ်တတ်ကြတယ်.. သူတို့လုပ်ရလေ့ရှိတဲ့ Funtion တွေကတော့
- Client Service – Client နဲ့ ဆက်သွယ် စကားပြောရခြင်း၊ တကယ်လို့ ကိုယ်က Client side က ဆိုရင်တော့ ဒါမလိုဘူးပေါ့
- Content Creator/Writer – Copywriting လို့ခေါ်တဲ့ စာရေးတာရော၊ ဘာရေးရမလဲဆိုတဲ့ topic ရှာရတဲ့ Content Manager Function ရော ပါတတ်တယ်
- Creative - တစ်ချို့တွေကတော့ Campaign စဉ်းစားတာတို့ Content Idea စဉ်းစားတာတို့ စတဲ့ creative လောက်ပဲ ပါပေမယ့် တစ်ချို့တွေဆို ဒီဇိုင်းပဲ ဆွဲရသေးတယ်
- Customer Service - လာမေးတဲ့ enquiry တွေကို comment/message ကနေ ပြန်ပေးရသေးတယ်
- Strategist & Planner (Optional) - တစ်ခါတစ်လေများဆို Strategy & Planning တောင် လုပ်ပေးရသေးတယ်
ဒီအပေါ်က ပြောသွားတဲ့ position ကိုခေါ်တဲ့သူတော်တော်များတယ်။ တကယ်ကျ ဒီလောက် Function များတာ ပေးတဲ့လစာနဲ့ မတန်ဘူးပြောလို့ရတယ်။ ကုမ္ဗဏီတွေအေဂျင်စီတွေ ဘက်က ပြန်ကြည့်တော့လဲ အများကြီး မပေးနိုင်သေးဘူး။ ကုမ္ဗဏီတွေက ဒါကို မရှိမဖြစ် အရေးကြီးတဲ့ နေရာအဖြစ် သိပ်မမြင်ကြသေးဘူး၊ သူများလုပ်လို့ ကိုယ်လဲ လုပ်ထားမှ ဆိုတာလောက်ပဲ ရှိသေးတော့ အဲလို အစုံသုံးလို့ရတဲ့သူကိုပဲ ဈေးအများကြီးမဟုတ်ဘဲ ခေါ်လိုက်တာမျိုးရှိတယ်။ အေဂျင်စီကျတော့လဲ နိုင်ငံခြားက အေဂျင်စီတွေလို client တွေကို charge လုပ်မရတော့ ရသလောက်နဲ့ ကိုယ့်အတွက်ကျန်အောင် ဒီလိုဝန်ထမ်းမျိုးပဲ ခေါ်ကြတယ်။ အထူးသဖြင့် SME တွေနဲ့ SME ကို ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေမှာ တွေ့ရတယ်။

ဟိုးပေါ်မှာ ရေးထားတဲ့ Function တစ်ခုချင်းစီနဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်ကို ပြန်ကောက်ပြပါ့မယ်။


Account Management & Client Service

ဒီအပိုင်းက Agency တွေမှာ အတွေ့ရများပါတယ်။ အဓိကကတော့ Client နဲ့ တိုက်ရိုက်ထိတွေ့ပြီး service ပေးရတဲ့အပိုင်းပါ။ Client ဆိုးဆိုးနဲ့တွေ့လဲ အထုအထောင်းအဆဲအဆို ခံရပါတယ်။ Meeting တွေတက်ရမယ်။ Presentation လုပ်တတ်ရမယ်။ ဈေးလဲ ရောင်းရတယ်။ အေဂျင်စီနဲ့ client ကြား အဓိက POC (Point of Contact) လဲ ဖြစ်ပါတယ်။ အနောက်တန်းက Agency team နဲ့ အရှေ့က Client အကြား ညှိပေး၊ စစ်မဖြစ်အောင်ထိန်းပေးရတဲ့သူလဲ ဖြစ်တယ်။

လိုအပ်တဲ့အရည်အချင်းများ - Selling, Presentation, Communication, Client Service, Overview Knowledge of Digital Marketing, Charming and Likable, Saying “No” skill

Strategist & Planner

သူတို့ကတော့ More like .. Big picture ကို မြင်နိုင်တဲ့ စစ်သူကြီးလိုလူမျိုး ဖြစ်ပါတယ်။ Client side မှာဖြစ်ဖြစ် Agency side မှာဖြစ်ဖြစ် ရှိရပါတယ်။ ရောက်ချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်သင့်တဲ့ အချိန်အတိုင်းအတာ အတွင်းမှာ ပေးထားတဲ့ ဘတ်ဂျက်ထက် မကျော်စေဘဲ ရောက်အောင် လုပ်ဖို့အတွက် အစီအစဉ်ချပေးရတဲ့သူပါ။ ရာထူးကြီးလာတဲ့အခါကျရင် ဒီ role နဲ့ ဒီ skill တွေ ပိုပြီး လိုအပ်လာပါလိမ့်မယ်။

လိုအပ်တဲ့အရည်အချင်းများ - Strategy, Planning, Seeing big picture, budget management, full knowledge of Digital Marketing, market research and data research, strong understanding of market and industry

Content Creator & Manager

Content ပိုင်းအဓိက သိရမယ့်လူမျိုးပါ။ Creative team, Strategist team, Account team တွေနဲ့ အထူးပူးပေါင်းပြီး အလုပ်လုပ်ရပါတယ်။ Creative ကထွက်လာတဲ့ idea အလန်းအကြမ်းတွေနဲ့ Strategy ဘက်ကထွက်လာတဲ့ Objective & Plan တွေကို Account team က လာတဲ့ client ရဲ့ လိုအပ်ချက်တွေနဲ့ ညှိပြီး ဖန်တီးရမယ့်သူမျိုးတွေ ဖြစ်ပါတယ်။ တော်တော်အရေးကြီးတဲ့အပိုင်း ဖြစ်တဲ့အတွက် Content Marketing လို skill တွေလိုသလို creative thinking အမြဲရှိနေဖို့လဲ လိုတယ်။ Manager ဖြစ်သွားရင် Content planning ပါလုပ်ရမှာဆိုတော့ topic စဉ်းစားတာမျိုး A/B testing လိုမျိုးတွေ Google ခေါက်တတ်ဖို့တွေလဲ လိုပါတယ်။ ဒီမှာ တစ်ခုသတိထားရမှာက Content Creator ဆိုတာ Content Writer တစ်ခုတည်းမဟုတ်ပါဘူး။ All form of Content ကို ဖန်တီးနိုင်သူတွေ ဖြစ်ဖို့ ပိုပြီးလိုပါတယ်။

လိုအပ်တဲ့အရည်အချင်းများ - Copywriting, Creative Thinking, Strong knowledge of target audience, Knowledge about industries/market, planning and scheduling skills, technical skills

Digital Marketing & Social Media Executive/Manager

ဒါက အပေါ်မှာ ရေးထားပေးခဲ့တဲ့ ကုမ္ဗဏီတွေက ခေါ်တတ်တဲ့ပုံစံမျိုးပါ။ ဒီမှာနည်းနည်း ဖြည့်စွက်ပြောရရင်တော့ ဒီလူတွေဟာ Technical ပိုင်းအဓိက လိုအပ်မယ့်လူမျိုးပါ။ Post ဘယ်လိုတင်လဲသိရမယ်၊ ကြော်ငြာဘယ်လိုလုပ်လဲသိရမယ်၊ insights ကြည့်တာ report ထုတ်တာ၊ campaign တွေ run တာ၊ tool တွေ သုံးတာ စသဖြင့် technical ပိုင်းတော်တော်လေး ကျွမ်းဖို့လိုပါမယ်။

လိုအပ်တဲ့အရည်အချင်းများ - Technical Skills, Overview of Digital Marketing, Digital tools, Fast learning, Searching on Google :P

Customer Experience & Service

သူတို့ကတော့ အဓိကအားဖြင့် Customer Feedback တွေနဲ့ Message/Comment တွေကို ပြန်ဖြေရတဲ့သူမျိုးတွေပါ။ ဒီမှာ တစ်ခုပြောချင်တာက Customer Service တွေအနေနဲ့ ကိုယ်လုပ်နေရတဲ့အလုပ်ကို အရေးမကြီးဘူးလို့ လုံးဝ (လုံးဝ) မထင်စေချင်ပါဘူး။ တကယ်က အရေးအကြီးဆုံး အလုပ်ပါ။ Strategy သမားမှားရင် တော်တော်ကြာမှ အမှားကိုသိမှာပါ။ Customer Service က မှားပြောမိရင်တော့ ချက်ချင်းလက်ငင်း Brand ကိုထိခိုက်တာပါ။ အရမ်းအရေးကြီးပါတယ်။ Customer တွေက brand ကို စကားလာပြောတယ်ဆိုတာ customer service ကိုဘယ်သူ နဲ့ လာပြောတာမဟုတ်ပါဘူး။ Brand နဲ့လာပြောတာပါ။ ဒီတော့ ကိုယ်မှားတယ်ဆိုတာ brand က မှားတာနဲ့အတူတူပါပဲ။ ဒါကို နားလည်ထားသင့်ပါတယ်။ ဒါကြောင့် လတ်တလော Customer Service လုပ်နေတဲ့သူတွေ လုံးဝအားမငယ်ပါနဲ့။ ကိုယ့်ကိုကိုယ် လဲ အားမရမဖြစ်ပါနဲ့။ ကိုယ်က အရမ်းအရေးကြီးတဲ့နေရာမှာ လုပ်နေရတယ်ဆိုတာ နားလည်ထားပါ။

လိုအပ်တဲ့အရည်အချင်းများ - Creative Thinking and Writing, Related knowledge about product, humor, customer service passion

Creative

ဒီအဖွဲ့ကတော့ လိုအပ်တဲ့ Visual design, Video, Photo, Material တွေ ဒိုင်ခံဖန်တီးရတဲ့သူတွေပါ။ Content team နဲ့ account team နဲ့ ပူးပူးကပ်ကပ်အလုပ်လုပ်ရမှာဖြစ်ပါတယ်။ လိုအပ်တာတွေအများကြီးဆိုတော့ အသေးစိတ်တော့ မထည့်တော့ဘူး။ အခြေခံအားဖြင့် Designer, Videographer, Director, Creative Director စတဲ့ အဖွဲ့တွေ ဒီထဲမှာ အကျုံးဝင်ပါတယ်။

ကဲ.. ဆိုတော့ တစ်ခုချင်းစီ သိသွားပြီဆိုတော့ ကိုယ်ဘာဖြစ်ချင်လဲ (သို့) ဘယ်လမ်းကြောင်းက သွားရမလဲ သိဖို့လိုလာပြီ။

ကျွန်တော်ကတော့ ဒီလိုလမ်းကြောင်းရွေးရာမှာ ဒီအချက် (၂) ချက်နဲ့ ကိုက်ပြီး ရွေးသင့်တယ်လို့ ထင်တယ်။

(၁) ကိုယ်ဘာကို ဝါသနာပါလဲ၊ ဘာ passion ရှိလဲ၊ ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းက ဘာလဲ
(၂) အနာဂတ်မှာ ဘယ်လမ်းကြောင်းတွေက ကောင်းလာနိုင်မလဲ၊ ဘယ်အရည်အချင်းမျိုးက အနာဂတ်မှာ အထူးလိုအပ်လာမယ်ထင်လဲ

လူတွေနဲ့ စကားပြောရတာကြိုက်ပြီး charming ဖြစ်တဲ့သူမျိုး Account ပိုင်းသွားပေါ့။ စာရေးရတာကြိုက်တဲ့သူ၊ တစ်ခုခုဖန်တီးရတာ ကြိုက်တဲ့သူ Content team သွားပေါ့။ အနာဂတ်ကြိုစဉ်းစားထားပြီး plan ချရတာကြိုက်တဲ့သူ Strategy ပိုင်းရွေးပေါ့။ ကျန်တဲ့ technical ပိုင်းတွေက လေ့လာရတာ မခက်ခဲလှပါဘူး။ ကွန်ပျူတာနည်းပညာပိုင်းနဲ့ နီးစပ်တဲ့သူဆို ထူးထွေလေ့လာနေစရာတောင်မလိုဘူး။

တကယ်လို့ အနာဂတ်မှာ ဘယ်လမ်းကြောင်းတွေကောင်းလာမလဲ စဉ်းစားရင်တော့ ကျွန်တော် ဒါလေးတွေတွေ့ထားတယ်..

(၁) Strategist & Planner ပိုင်းလေး မဆိုးဘူး။ နောက်ပိုင်းမှာ ဘာကြောင့် လုပ်နေရသလဲ၊ ဘာတွေ လုပ်သင့်သလဲ လို့ အဆုံးအဖြတ်ပေးနိုင်မယ့် သူတွေက ရာထူးပိုကြီးပြီး အပေါ်ကို ပိုရောက်သွားမှာ။

(၂) Analysis လုပ်နိုင်တဲ့သူမျိုးတွေလဲ မဆိုးဘူး။ တကယ်က နောက်ပိုင်းမှာ data-driven marketing ကိုပဲ သွားရမှာ။ ဒီတော့ Data ကို ရယူပြီး insights ပြန်ထုတ်ပေးနိုင်တဲ့ သူတွေ တအားအရေးကြီးလာမှာ။

(၃) Content Marketer လို့ခေါ်တဲ့ content planning ပိုင်းတွေလုပ်ရမယ့်သူမျိုးတွေလဲ လိုလာလိမ့်မယ်။ အဲဒီအပိုင်းလဲ ကောင်းတယ်။

(၄) Marketing Mix တို့ Integrated Marketing တို့လိုမျိုး Online , Offline, OOH, BTL, ATL တွေ အကုန်ပါတဲ့ 360 run နိုင်တဲ့သူတွေ ဖြစ်တဲ့အထိ ဆက်သွားဖို့လဲ လိုလိမ့်မယ်။

ဒါက စဉ်းစားမိသလောက်ပါ။ ကျန်ပါလိမ့်ဦးမယ်။ အဓိကက လက်ရှိအခြေအနေကို မူတည်ပြီး အနာဂတ်ကို ခန့်မှန်းကြည့်တတ်ဖို့လိုမယ်။

ဟုတ်ပြီ .. ဒါဆို နောက်တစ်ဆင့်က “ဘယ်က စလုပ်ရမလဲ” ဆိုတဲ့အဆင့်


ကျွန်တော့်ဆီမှာ သင်တန်းလာတက်ကြတဲ့သူတွေကို ကျွန်တော် category ခွဲကြည့်တော့ (၇) မျိုးလောက်ထွက်လာတယ်..

(၁) စိတ်ဝင်စားလို့ လာတက်တာ၊ လောလောဆယ် အလုပ်လဲမလုပ်ဘူး၊ တစ်ချို့ဆို ကျောင်းတက်တုန်း၊ အနာဂတ်မှာ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ရင်လဲလုပ်မယ် မလုပ်ရင်လဲမလုပ်ဘူး

(၂) ကျောင်းပြီးပြီ။ အလုပ်လုပ်တော့မယ်။ Digital Marketing နဲ့လုပ်ချင်တယ်။ ဘယ်ကစရမလဲမသိလို့ လာတက်တာ။

(၃) အခုတခြားအလုပ်လုပ်နေတာ၊ Digital Marketing ဘက်က အရမ်းကောင်းတယ်လို့ သိရလို့ Career change ချင်တယ်။ But only get 1 shot because of age

(၄) ခု agency မှာ အလုပ်စဝင်ပြီ (သို့) လုပ်နေပြီ (သို့) အေဂျင်စီထောင်မလို့ (သို့) ထောင်ပြီးပြီ စ run နေပြီ။ Formally သိချင်တတ်ချင်လို့၊ ပိုကျွမ်းချင်လို့၊ မသိတာတွေ ပိုသိချင်လို့၊ မေ့နေတာတွေ နွှေးချင်လို့၊ အလုပ်မှာ ပိုအဆင်ပြေအောင်လို့

(၅) ခုက Marketing လုပ်နေတာ၊ Digital က တအားခေတ်စားလာတော့ ရုံးကလဲ ခိုင်းတယ်၊ ကိုယ်ကိုယ်တိုင်လဲ လုပ်သင့်ပြီ ထင်လို့ လာတက်တာ

(၆) ကိုယ်ပိုင်လုပ်ငန်းလုပ်နေတာ၊ Online shop သမားတွေ၊ (သို့) SME ပိုင်ရှင်တွေ။ ဒီက သင်သွားမယ်၊ ပြီးရင် အမှန်တကယ် apply လုပ်မယ်။

(၇) လုပ်ငန်းရှင်တွေ၊ အောက်မှာလူတွေရှိတယ်။ Marketing manager လဲရှိတယ်။ တစ်ချို့ကုမ္ဗဏီတွေမှာ Digital Team ကို ရှိတယ်။ ဒါပေမယ့် ကိုယ်က လုပ်ငန်းရှင်ဆိုတော့ သိထားမှရမယ်။ ကိုယ့်ကို ဘတ်လို့မရအောင် သင်ထားမလို့။

Digital Marketing ကို အပိုင်းပြန်ခွဲရင်ကျ အဓိကအပိုင်း (၂) ပိုင်းထွက်မယ်။ Theory ပိုင်းလို့ ခေါ်တဲ့ 4P တွေ 7P တွေ PESO Model တွေ Strategy & Planning တွေ ပါတဲ့ အပိုင်းရယ်၊ Technical လို့ခေါ်တဲ့ ဘယ်လိုပို့စ်တင်မလဲ၊ ကြော်ငြာဘယ်လိုထည့်မလဲ၊ ဒေတာဘယ်လိုထုတ်မလဲ၊ စတဲ့ နည်းပညာနဲ့သက်ဆိုင်တဲ့ အပိုင်းတွေပါတဲ့ အပိုင်းရယ်။

အမှတ်စဉ် (၁) အတွက်က Theory ရော Technical ရောလိုမယ်။
အမှတ်စဉ် (၂) (၃) (၅) က Theory ပိုင်းအဓိက လိုမယ်၊ ဘာလို့ဆို Technical ပိုင်းမှာ သူတို့က လေ့လာရင် အလွယ်လေးရတယ်။ Theory ပဲ နည်းနည်းခက်မယ်။
အမှတ်စဉ် (၄) က တော်တော်များများ သိနေပြီးသားမို့ မေးခွန်းမေးဖို့ အဓိကလိုမယ်။ အခက်အခဲတွေ ပြောပြပြီး ရှင်းပေးခိုင်းတာမျိုး၊ မေးခွန်းထိုင်ထုတ်နေတာမျိုးနဲ့ ကိုက်မယ်။ သူတို့က (၂) ခုလုံး တီးခေါက်မိပြီးသား။
အမှတ်စဉ် (၆) နဲ့ (၇) ကတော့ Technical ပိုင်းပိုလိုအပ်တယ်။ သူတို့အနေနဲ့က result ရဖို့နဲ့ သူများအလိမ်မခံရဖို့ပဲလိုတာကိုး။ ဒါပေမယ့် ရေရှည်သွားရင်တော့ သူတို့လဲ (၂) ခုလုံးလိုလာမှာပါ။

ဟုတ်ပြီ ဒါဆို ဘယ်က စကြမလဲ..


အမှတ်စဉ် (၁) ခဏနေဦး.. မသေချာတဲ့အတွက် တခြားကိုယ့်အတွက် ပိုလိုအပ်မယ့် နေရာတွေမှာ အချိန်နဲ့ ငွေတွေကို ရင်းနှီးမြှုပ်နှံပါဦး။ IELTS/TOEFL ဖြေပါ။ MBA တွေဘာတွေ တက်ချင်သွားတက်လိုက်ဦး။ You have a long way to go. Be patience.

အမှတ်စဉ် (၂) (၃) (၄) က အရင်ဆုံး Marketing အခြေခံ တက်ရပါမယ်။ ပြီးရင် Digital Strategy & Digital Marketing ဘက်ကို ဆက်လိုက်ရမယ်။

အမှတ်စဉ် (၅) က အများစုက Marketing အခြေခံရှိပြီးသား။ Digital ပိုင်းကို သိးသန့် ဆက်လိုက်ရင် ရပြီ။

အမှတ်စဉ် (၆) (၇) ကတော့ Marketing အခြေခံအပြင် တခြား Business အတွက်လိုအပ်တာတွေကိုပါ လေ့လာရမယ်။ Marketing တစ်ခုတည်းနဲ့တော့ မရဘူး။


အမှတ်စဉ် (၁) ကနေ (၇) အထိ မတက်မဖြစ် တက်ကို တက်သင့်တာကတော့ HR နဲ့ Finance ပဲ။ မယုံမရှိနဲ့နော်.. at the end of the day မှာ ကိုယ့်ကို ဖန်တီးနိုင်တာ (သို့) ဖျက်ဆီးနိုင်တာ (၂) မျိုးပဲ ရှိတယ်။ လူတွေ ရယ် ပိုက်ဆံရယ်။ အဲဒီ (၂) ခုကိုမှ မလေ့လာထားရင် ရူးမယ်။

ဥပမာ ပြောပြမယ်.. ဟော်တယ်လုပ်ငန်းစုကြီး တစ်ခုရဲ့ ဥက္ကဌ က သူပိုင်တဲ့ ဟော်တယ်တစ်လုံးရဲ့ အခန်းတွေမှာ ထားထားတဲ့ တာဝါတွေ သန့်မသန့် ကိုယ်တိုင်လိုက်ကြည့်လို့ရမယ်ထင်လား။ သူအဓိက manage လုပ်နေတာ လူတွေနဲ့ ငွေကြေးပဲ။ အဲဒီကနေမှတဆင့် အဆင့်ဆင့် ဆင်းသွားပြီး စောစောက တာဝါမသန့်တဲ့ ဆီရောက်တာ။

အခုကျွန်တော် အဓိက လုပ်ရတဲ့အလုပ်နှစ်ခုရှိတယ်။ Agency ကို Manage လုပ်တာနဲ့ Budget ကို Manage လုပ်တာ။ တနည်းအားဖြင့် ဒါဟာ People & Finance Management ပဲပေါ့။ အဲဒီ နှစ်ခု ကို အလွတ်မခံပါနဲ့။ လေ့လာဖြစ်အောင်လေ့လာထားပါ။

အိုကေ .. ဒါက လေ့လာရမယ့်အပိုင်း.. အလုပ်စလုပ်ရမယ့် Flow ကို ပြောပါဆိုရင်တော့..


အမှတ်စဉ် (၂) နဲ့ (၃) က အမှတ်စဉ် (၄) ဆီ သွားပေါင်းပါ။ တစ်နည်းအားဖြင့် အေဂျင်စီ တစ်ခုခုမှာ အလုပ်လုပ်ပါ လို့ဆိုလိုတာ။ အေဂျင်စီတွေဟာ အထုခံအထောင်းခံပြီး သင့်ကို ပညာသင်ပေးနိုင်မယ့် လက်တွေ့ကွင်းဆင်း On job traning ground တွေပဲ..

ကျွန်တော် အေဂျင်စီ မှာ အလုပ်မလုပ်ခင် ကုမ္ဗဏီ (၂) ခု လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ ကြာခဲ့တဲ့ အချိန်တွေထက် အေဂျင်စီ မှာ လုပ်နေတဲ့အချိန် (၁) နှစ်လောက်က ပိုပြီး တိုးတက်မှုပိုများတယ်။ ဒါကြောင့် ပြောတာ အေဂျင်စီကို သွားပါ လို့… လစာ အရမ်းကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ရေရှည်မှာ တိုးတက်မှုက လစာနဲ့ မလဲနိုင်ဘူး။ ဒါကြောင့် တောင့်ခံနိုင်မယ်ဆိုရင် ပြောင်းပါ။

အမှတ်စဉ် (၅) က အလုပ်မပြောင်းချင်ဘူး ဆိုရင်တော့ Self-study ပဲ ဖိလုပ်ရမှာပဲ။ ပြောင်းလို့ရရင်တော့လဲ Digital ပိုင်း အဓိကလုပ်တဲ့ဆီ ပြောင်းပေါ့။ မရရင်တော့ ကိုယ့်ဟာကိုယ်သာ လေ့လာပေတော့။

သေသေချာချာမှာချင်တာတော့ .. ကိုယ့်ကိုကိုယ် အဆင်သင့်မဖြစ်သေးဘဲ Corporate မသွားပါနဲ့။ သေသွားတတ်တယ်။ Corporate မှာ ခင်ဗျားလုပ်ရမယ့်အလုပ်က နည်းနည်းလေး၊ အလုပ်နည်းနည်း လုပ်ပြီး လခ များများရတာ Corporate ဒါပေမယ့် ရေရှည်မှာ ခင်ဗျား ဦးနှောက်သေသွားလိမ့်မယ်။ ဒါကြောင့် လောလောလောလောနဲ့ မပြောင်းပါနဲ့ဦး။

SME တွေ၊ အေဂျင်စီတွေ၊ Startup တွေမှာ အလုပ်လုပ်ရင်း အတွေ့အကြုံရှာပါ။ ကိုယ့်ကိုကိုယ် ပြည့်အောင် ဖြည့်ပါ။ ပြီးမှ ဒီထက်မြင့်တဲ့ဆီ ပြောင်းပါ။

ဟုတ်ပြီ .. ဒါဆို လိုအပ်တဲ့ skill တွေပြည့်ဖို့ ဘယ်နားတွေမှာ လေ့လာရမလဲ..

(၃) နေရာရှိပါမယ်။ Digital Only သင်တန်းတွေ.. ဥပမာ ကျွန်တော်ဖွင့်တဲ့သင်တန်းမျိုးမှာ လေ့လာလို့ရတယ်.. Marketing သင်တန်းတွေ.. Digital Marketing ဟာလဲ Marketing အမျိုးအစား တစ်မျိုးပဲမို့ Marketing သင်တန်း တက်ရပါမယ်… Online Learning .. Online ကနေ သင်ပေးတဲ့ သင်ခန်းစာတွေကို အခမဲ့ရော အခပေးပါ လေ့လာလို့ရမယ့် နေရာတွေရှိပါတယ်.. အဲဒီကိုသွားပါ။

ကျွန်တော်ဖွင့်တဲ့ သင်တန်းတွေအတွက် ကျွန်တော့်ရဲ့ Facebook Page နဲ့ Facebook Account ကို စောင့်ကြည့်နေပါ။ ကျွန်တော် တင်ပေးလေ့ရှိပါတယ်။

Page >> www.facebook.com/officialaungmonchan
Account >> www.facebook.com/amc.ptn

Marketing သင်တန်းတွေအတွက် ပြည်တွင်းက သင်တန်းကျောင်းတွေဖြစ်တဲ့ MHR, Strategy First, PS Business School စတဲ့ကျောင်းတွေမှာ တက်ပါ။

Online Learning အတွက် အောက်ပါနေရာတွေမှာ လေ့လာပါ။

Facebook Blueprint >> https://www.facebook.com/blueprint
Hubspot >> https://academy.hubspot.com/
Hootsuite >> https://hootsuite.com/education
Lynda >> https://www.lynda.com/
Udemy >> https://www.udemy.com/
Coursera >> https://www.coursera.org/
Google Ads Academy >> https://landing.google.com/academyforads


ဒီ website တွေကိုလဲ အမြဲဖတ်ပါ..

ကျွန်တော့် website >> www.aungmonchan.com
Social Media Today >> www.socialmediatoday.com
Social Media Examiner >> www.socialmediaexaminer.com
Marketing Land >> www.marketingland.com
Search Engine Land >> www.searchengineland.com
Buffer Blog >> http://blog.bufferapp.com

နောက်ထပ်ဘာတွေလုပ်ရဦးမလဲ..

Facebook ပေါ်က Mad over Marketing (M.O.M) page ကို Seefirst လုပ်ထားပါ။ ဖုန်းထဲမှာ Pocket ဆိုတဲ့ App နဲ့ Pinterest App ကို ဆောင်ထားပါ။ အသုံးဝင်မယ့် ဆောင်းပါးတွေ့ရင် Pocket ထဲထည့်ထားပြီးဖတ်ပါ။ Infographic တွေကို Pinterest နဲ့ ရှာပါ။

ဘာတွေ လေ့လာရမလဲ..

Digital Marketing မှာ ပါတဲ့အပိုင်းတွေဖြစ်တဲ့ Social Media Marketing, Search Engine Marketing, Display Marketing, Influencer Marketing, Video Marketing, Content Marketing, SMS & Email Marketing စတာတွေ လေ့လာရပါမယ်.. ပြီးတော့ Crisis Management, CRM စတာတွေလဲ သိထားမှ ရမှာပါ..

ဒါဆို လခတွေကရော ဘယ်လောက်ရမလဲ…


Digital Marketing Field က အရမ်း booming ဖြစ်နေတဲ့ နယ်ပယ်ဖြစ်နေပြီး လူကလဲ အရမ်းရှားတဲ့ နယ်ပယ်ဖြစ်နေတဲ့အတွက် လခကို သူများထက် ပိုပြီး ပေးနိုင်နေတာ တွေ့ရပါတယ်။ သူများထက် ပိုတယ်ဆိုတာ စ ဝင်ဝင်ချင်း initial salary မှာကို သူများထက် များတာပါ..

အနည်းဆုံး (၂) သိန်းခွဲလောက်က စပါတယ်.. ဒီထက်နည်းရင် မလုပ်ပါနဲ့.. တကယ်ပြောတာ လုပ်မနေနဲ့တော့ ဘယ့်နှယ်..

အတွေ့အကြုံ (၁) နှစ်လောက်ရှိရင် ၄ သိန်းလောက် စတောင်းလို့ရပြီ..
ရာထူးပေါ်မူတည်ပြီး လစာ သိန်း (၈၀) လောက်ထိ တောင်းလို့ရနိုင်ပါတယ်.. လောလောဆယ်ပေါ့..
ဒီထက် ပိုများများလိုချင်ရင်တော့ Digital ပိုင်းထက် ပိုလေ့လာရပါမယ်.. Marketing Mix တွေဘာတွေ ပါ ပါလာပြီပေါ့..


ဒီလောက်ဆိုရင်တော့ တော်တော်စုံပြီထင်တာပဲ.. လက်လဲညောင်းသွားပြီ။ ဆိုတော့ ဒီမှာပဲလက်စသတ်ရအောင်။ ဆောင်းပါးအဆုံးမသတ်ခင် မှာချင်တာလေးတွေ ရှိပါသေးတယ်။ Summary + Footnote ဆိုပါစို့။

- Digital Marketing ဟာ Life-long-learning process ဖြစ်ပါတယ်။ ဘယ်ဆရာမှာ အလုံးစုံတတ်မြောက်အောင် သင်မပေးနိုင်ဘူး။ ဘာလို့ဆို အခုရှိနေတဲ့ point အထိပဲ ဆရာက ပြောပေးနိုင်တာ။ အနာဂတ်မှာ ဘာတွေပြောင်းသွားမလဲ ဘာဖြစ်မလဲ ဘယ်သူမှ မသိနိုင်တဲ့အတွက် အတူတူ ရှေ့ဆက် လေ့လာသွားမှ ဖြစ်မှာပါ။ အဲဒါကြောင့် Self-study ဆက်လုပ်သွားဖို့ မမေ့ပါနဲ့။
- HR နဲ့ Finance ကို မမေ့ပါနဲ့။ ရာထူးကြီးလာလေ လိုအပ်လာလေ ဖြစ်မှာမို့ပါ။ People Management နဲ့ Financial Management နှစ်ခုဟာ အရမ်းအရေးကြီးပါတယ်။
- အရည်အချင်းနဲ့ လေ့လာမှုကို ပေါင်းစပ်ပါ။ နောက်ကနေ အောင်မြင်မှုက လိုက်လာပါလိမ့်မယ်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
www.aungmonchan.com
-----
Digital Marketing နဲ့ ဆိုင်တဲ့ဆောင်းပါးတွေကို အပတ်စဉ် ကြာသပတေး နဲ့ တနင်္ဂနွေတွေမှာ အသစ်တင်ပါမယ်။ Like & Seefirst Please. Thank you.



Post a Comment

0 Comments