ကျွန်တော့်ကို
မိတ်ဆွေတွေက လာလာမေးကြပါတယ်။ Online မှာ ပိုက်ဆံဘယ်လိုရှာမလဲ လို့ မေးကြတယ်။ တစ်ချို့ကလဲ
ပိုက်ဆံရှာနည်းလေး ပြောပြပါလို့ တောင်းဆိုတတ်ကြတယ်။ တစ်ချို့ကတော့ Make Money
Online ဆိုတာ သဘာဝမကျဘူး၊ နည်းလမ်းအမှန်မဟုတ်ဘူးလို့ ပြောကြပါတယ်။ ကျွန်တော့ရဲ့ အမြင်နဲ့
အတွေ့အကြုံအရ ပြောရရင်တော့ “Online မှာ နည်းမှန်လမ်းမှန် ပိုက်ဆံရှာရင် ရပါတယ်” လို့ပဲ
ဖြေချင်ပါတယ်။ ဒါဆို ဘယ်လို ပိုက်ဆံရှာရမလဲ? ကျွန်တော်သိထားတဲ့ နည်းလမ်းအချို့ကို ပြောပြပါမယ်။
Freelancing
Freelance
လုပ်ခြင်းဟာ သဘာဝအကျဆုံး အွန်လိုင်းက ပိုက်ဆံရှာနည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု
တစ်ခုကို အခြေခံပြီး Project အလိုက် (သို့မဟုတ်) နာရီပိုင်းအလိုက် Freelance လုပ်နိုင်ပါတယ်။
ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ဆိုရင် တစ်နေ့ကို ဒေါ်လာ ရာဂဏန်းအထိ Freelance လုပ်ရာကနေ
ရရှိနေတာမျိုးတွေ ရှိပါတယ်။ Freelance လုပ်တဲ့နေရာမှာ ကွန်ပျူတာကျွမ်းကျင်မှ၊ Code
တွေရေးတတ်မှ အစရှိသဖြင့် သတ်မှတ်ထားတာမျိုး မရှိပါဘူး။ Accountant တစ်ယောက်လည်း လုပ်နိုင်ပါတယ်၊
ဘာသာစကားတစ်ခုခု ပြောတတ်၊ ရေးတတ်တယ်ဆိုလဲ Translator အဖြစ်၊ စကားပြန်အဖြစ် လုပ်နိုင်ပါတယ်၊
Data တွေ ထည့်သွင်းတတ်တယ်ဆိုလဲ Data Import လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ
ကျွမ်းကျင်မှုတစ်ခု ရှိဖို့ အဓိကပါ။
နိုင်ငံခြားက
Freelance Website တွေမှာ ဝင်ပြီး စမ်းသပ်ကြည့်ချင်တယ်ဆိုရင် www.freelancer.com, www.fiver.com, www.elance.com
စသည်တို့မှာ ဝင်စမ်းကြည့်နိုင်ပါတယ်။ ဒီ site တွေမှာတော့ အနည်းဆုံး Paypal သို့မဟုတ်
Visa/Mastercard တော့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ website အဖြစ် အောင်အောင်မြင်မြင်မရှိသေးပါဘူး။
နီးစပ်ရာအချင်းချင်း ချိတ်ဆက်လုပ်ကြတာတော့ ရှိပါတယ်။
Blogging
Blog ရေးသားခြင်းနဲ့လဲ
အွန်လိုင်းက ပိုက်ဆံရှာလို့ရပါတယ်။ ဆိုပါတော့ ကိုယ့်ရဲ့ blog ဟာ Industry တစ်ခုခုမှာ
အောင်မြင်တဲ့ blog ဖြစ်လာပြီး Traffic တွေများလာပြီဆိုရင် အဲဒီ blog ကိုမူတည်ပြီး ဝင်ငွေ
ရရှိနိုင်တဲ့ နည်းလမ်းတွေရှိလာပါတယ်။ အဲဒါတွေကတော့
·
ကြော်ငြာများလက်ခံခြင်း
·
Product
Review များ၊ Sponsor Content များ ရေးသားပေးခြင်း
·
Affiliate
Marketing လို့ခေါ်တဲ့ ကော်မရှင်ရယူပြီး ပစ္စည်းများရောင်းချပေးခြင်း
အစရှိတဲ့
နည်းလမ်းတွေဖြစ်ပါတယ်။ Blog တစ်ခု Traffic များများ ရဖို့ဆိုတာကတော့ SEO တို့
Social Media တို့ Industry ရဲ့ အရွယ်အစားတို့ အစရှိသဖြင့် လိုအပ်ချက်လေးတွေတော့ ရှိပါတယ်။
ဒါပေမယ့် တစ်ချို့ website တွေကတော့ ဒီအချက်တွေကို ကောင်းစွာလုပ်နိုင်ကြပြီး အောင်မြင်သွားကြတာတွေရှိပါတယ်။
ဥပမာအားဖြင့် ကိုသက်နိုင်စိုးရဲ့ www.myanmarmobileapp.com
လိုမျိုး site တွေပါ။
Online မှ ဈေးရောင်းခြင်း
Online
Shopping တွေကိုလဲ ဝင်ငွေရှာတဲ့ နည်းလမ်းတွေထဲ ထည့်ရမှာပါပဲ။ တခြားနိုင်ငံတွေမှာတော့
Amazon, Ebay, Alibaba အစရှိသဖြင့် website တွေသုံးပြီး ရောင်းဝယ်ကြပေမယ့် ဒီမှာတော့
အများစုက Facebook ကတဆင့် အရောင်းအဝယ်လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာလဲ ကောင်းမွန်တဲ့
အွန်လိုင်းငွေရှာနည်းတစ်နည်းပါပဲ။ တစ်ချို့တွေ ဆေးတွေဘာတွေ ရောင်းတာမျိုးကျတော့ ကျွန်တော်
အားမပေးချင်ဘူး၊ ဆေးဝါးဆိုတာက ဘာပဲဖြစ်ဖြစ် တည့်တဲ့သူရှိမယ်၊ မတည့်တဲ့သူရှိမယ်။ မတည့်တဲ့သူကို
ရောင်းမိလို့ တစ်စုံတစ်ခုဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဘက်မကောင်းဘူးမဟုတ်လား။ တခြား ဖက်ရှင်အစရှိသဖြင့်
ပစ္စည်းတွေရောင်းတာကတော့ ကိစ္စမရှိပါဘူး။
Digital Marketing နဲ့ Social
Media Marketing Service များ ဆောင်ရွက်ခြင်း
ဒီနည်းလမ်းကတော့
နောက်ဆုံးပေါ်နည်းလမ်းပါ။ Online ပေါ်မှာ Social Network တွေပေါ်မှာ သုံးစွဲသူတွေ များလာတာနဲ့အမျှ
Brand တွေအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Online မှာ ကြော်ငြာဖို့ တစ်နေ့ထက်တစ်နေ့
ပိုလိုအပ်လာပါတယ်။ ဒီအခါ ဒီနည်းပညာတွေကို ကျွမ်းကျင်သူတွေကို ခန့်ထားတာမျိုး၊
Service အပ်နှံတာမျိုးတွေ လုပ်ရပါတယ်။ ဒါကြောင့်လဲ Digital Marketing တွေ Social
Media Marketing တွေ ခေတ်စားလာပြီး အလုပ်ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အထက်ကနည်းလမ်းတွေထက်စာရင်
ပညာရပ်နဲ့ ပိုပြီးဆက်နွယ်တယ်လို့ ဆိုရပါလိမ့်မယ်။
မလုပ်သင့်တဲ့ Online ငွေရှာခြင်းနည်းလမ်းများ
Online ကနေ
Bitcoin ရှာတာတို့၊ လောင်းကြေးထပ်တာတို့၊ Invest လုပ်တာတို့ အစရှိသဖြင့် မလုပ်တာအကောင်းဆုံးပါ။
အများစုက Scam တွေဖြစ်နေတတ်ပါတယ်။ အားလုံးလို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့်
ကျွန်တော်မြင်ဖူးသမျှ အဲလိုဟာမျိုးတိုင်းက Scam တွေပါ။ ဒါကြောင့် ဝေးဝေးရှောင်တာ ကောင်းပါတယ်။
PTC လို ကလစ်နှိပ်ပြီး ပိုက်ဆံရတာမျိုး၊ Data Import လုပ်ခိုင်းမယ် ဆိုပြီး ပိုက်ဆံကြိုတောင်းထားတာမျိုးတွေ၊
ကြော်ငြာကြည့်ပြီး ပိုက်ဆံပေးမယ်ဆိုတာမျိုးတွေကလဲ လိမ်ရင်လိမ်၊ မလိမ်ရင်လဲ နာရီပေါင်းများစွာ
လုပ်ပါမှ မဖြစ်စလောက် ရတာမျိုးတွေပါ။ အဲဒါမျိုးတွေကိုလဲ မလုပ်ဖြစ်အောင် ရှောင်ကြပါ။
ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ကျွန်တော်တားနေတဲ့ကြားက ကုမ္ပဏီတစ်ခုမှာ ပိုက်ဆံကြိုပေးပြီး
Data သွင်းလိုက်ကြတာ နှစ်လလောက်ကြာတော့ ကုမ္ပဏီလစ်ပြေးသွားလို့ အကုန်ဆုံးပါလေရော။ ဒါကြောင့်
အဲဒါမျိုးတွေကိုလဲ သတိထားကြပါ။ MLM ကတော့ သိကြပြီးသားဖြစ်မှာပါ။ တစ်ချို့တစ်လေ နည်းလမ်းကျတဲ့
MLM ရှိနိုင်ပေမယ့် အများစုက အဆုံးအရှုံးကြီးနိုင်တာတွေချည်းပဲမို့ မလုပ်တာအကောင်းဆုံးပါပဲ။
တကယ်တော့
Online ကနေ ငွေရှာတယ်ဆိုတာ မဖြစ်နိုင်တဲ့အလုပ်မဟုတ်ပါဘူး၊ မလုပ်သင့်တဲ့အလုပ်လဲ မဟုတ်ပါဘူး။
Online မှာပဲ တစ်ချို့တွေ အလုပ်လုပ်နေရင်း ဒေါ်လာသောင်းဂဏန်းရှာနိုင်နေကြတာတွေ ရှိပါတယ်။
တစ်ချို့တွေ မီလျံနာ၊ ဘီလျံနာတွေထိ ဖြစ်သွားကြတယ်၊ တစ်ချို့တွေလဲ အောင်မြင်ကျော်ကြားသူတွေဖြစ်လာကြတယ်။
တကယ်ကတော့ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားလုပ်မယ်ဆိုရင် အွန်လိုင်းဈေးကွက်ဟာ တကယ်ကောင်းတဲ့ဈေးကွက်ပါ။
စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်း နေရာစုံကို ပျံ့နှံ့နိုင်တယ်။ အလွယ်တကူဈေးကွက်တင်နိုင်တယ်၊
အိမ်ကနေ အလုပ်လုပ်နိုင်တယ်။ ဒီအချက်တွေဟာ တကယ်ကောင်းပါတယ်။ ကိုယ့်အနေနဲ့ အမှန်အမှား၊
အတုအစစ် ခွဲခြားပြီး လုပ်နိုင်ဖို့သာ လိုအပ်တဲ့အကြောင်း တင်ပြပေးလိုက်ပါတယ်။
အောင်မွန်ချမ်း
(Myanmar Leaders)
0 Comments