ဒီတစ်ခေါက်တော့ အခုမှ အလုပ်စလုပ်မယ့် လူငယ်တွေအတွက် နည်းနည်းရေးပေးချင်တယ်။ ခုနောက်ပိုင်း လူငယ်တွေအနေနဲ့ တက်လမ်းတွေအများကြီး ပွင့်လာသလို ရွေးချယ်စရာတွေများလို့ ဘာရွေးရမလဲ မသိဘူးဆိုတာတွေလဲ ဖြစ်လာတာတွေ့ရတယ်။ ဒီအတွက် ကျွန်တော့်အတွေ့အကြုံလေးတွေ ပြန်ရှယ်ချင်တာပါပဲ။
ပထမဆုံး ပေးချင်တဲ့ အကြံကတော့ ကိုယ် passion ရှိတာကို လုပ်ပါ ဆိုတာပါ။
ကျွန်တော်အလုပ်ပေါင်းစုံလုပ်ဖူးတယ်။ ကွန်ပျူတာလောကထဲ စဝင်တုန်းက Hardware သမားအနေနဲ့ ဝင်ခဲ့တာ။ အဲဒီကမှ Networking, Web Design, Graphic Design, Programming, Web Development, Computer Trainer, Blogger, Copywriter အစုံ လုပ်ခဲ့တာ။ နောက်ဆုံး Digital Marketing ကို စတင်မိတ်ဆက်ခွင့်ရမှ This is it. This gonna be my thing ဆိုပြီးဖြစ်ခဲ့တာ။
တစ်ခါတစ်လေ ကိုယ်ဘာကို ဝါသနာပါလဲ passion ရှိလဲဆိုတာ သိဖို့ ခက်သလို အချိန်ယူရတတ်တယ်။ အဲဒါကို သိပြီဆိုရင်တော့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို မြင်သွားတော့မှာပါပဲ။
ဒါကြောင့် ကိုယ့် passion ကို သိအောင်အရင်လုပ်ပါ။ သိပြီးသွားပြီဆိုရင်လဲ အဲဒီအတွက် သူများနဲ့ ယှဉ်ဖို့ တိုက်ယူဖို့ မကြောက်ပါနဲ့။ ကိုယ့်မိဘ မိသားစု အသိုင်းအဝိုင်း ချစ်သူခင်သူတွေက ဖျက်ကြလိမ့်မယ်။ မဖြစ်နိုင်ဘူးထင်ကြလိမ့်မယ်။ ဒါကို ကိုယ်က သက်သေပြရမှာပေါ့။ ကိုယ် passion ပါတဲ့အရာပဲ၊ လုပ်ရင်ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ လူငယ်တွေ ဆုံးရှုံးမှု ကျရှုံးမှု အရသာကို ခံစားကြည့်သင့်တယ်။
ဘဝဆိုတာ အမြဲ ကိုယ်ကချည်း နိုင်နေတာမဟုတ်ဘူးလေ။ ရှုံးတဲ့အလှည့်လဲ ရှိမှာပဲ။ ကိုယ်က အရင်က ရှုံးဖူးထားရင် နောက်တစ်ခါကျတော့ အကျမနာတော့ဘူး။ ဒါ့အပြင် အရှုံးထဲက သင်ခန်းစာ ယူစရာတွေ အများကြီးရှိမယ်။ နောင်တစ်ချိန်အောင်မြင်တဲ့အခါလဲ အောင်မြင်မှုအရသာကို ပြည့်ပြည့်ဝဝ ခံစားတတ်မယ်။ အခါးအရသာကို သိထားမှ ချိုတဲ့အခါ ပြည့်ပြည့်ဝဝ ချိုတတ်မှာပေါ့။
လူငယ်တွေ ရရာ အလုပ်ကို ဝင်လုပ်ပါ။ သင်ယူကြည့်ပါ။ ဟိုခုန်ဒီခုန် ကူးပါ။ ဒါမှ ကိုယ့် passion ဘာလဲ သိလာနိုင်မှာ၊ ပြီးတော့ ရှုံးဖူးမှာ၊ ပြီးတော့ အတွေ့အကြုံရမှာ။
Alibaba ရဲ့ Jack Ma ကြီး ပေးတဲ့ အကြံကတော့..
အသက် ၂၀ အောက်မှာ သင်ယူပါ။ ကျောင်းစာတစ်ခုတည်းမဟုတ်ဘူး၊ သင်ယူလို့ရသမျှ အကုန်သင်နိုင်တယ်။
အသက် ၂၀ နဲ့ ၃၀ ကြားမှာ ကုမ္ဗဏီအသေးတွေမှာ အလုပ်ဝင်ပါ။ ကုမ္ဗဏီအကြီးတွေ လစာ ကောင်းရင်ကောင်းလိမ့်မယ်။ သူတို့မှာက စနစ်တွေရှိနေပြီးသား။ ကိုယ့်မှာ အိုင်ဒီယာကောင်းတွေ ရှိနေလဲ သူတို့ရဲ့ စနစ်တွေကြောင့် ကိုယ့်အိုင်ဒီယာကို အကောင်အထည်ဖော်ခွင့်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကုမ္ဗဏီအသေးမှာ ဝင်လုပ်ပါ။ ဒီအချိန်မှာ ကိုယ့်အတွက် ကောင်းတဲ့ ဆရာ Follow လုပ်ရမယ့် Mentor ကို ရှာပါ။
ဒီအချိန်က တကယ်တော့ ပိုက်ဆံထက်၊ အတွေ့အကြုံရယ်၊ ဆရာကောင်းသမားကောင်းရယ် လိုအပ်တဲ့ အချိန်ပဲ။ အဲဒီ ၂ ခုကို ရအောင်ယူပါ။
အသက် ၃၀ နဲ့ ၄၀ ကြားမှာ ဆုံးဖြတ်ပါ။ ဟိုခုန်ဒီခုန်လုပ်လို့မရတော့ဘူး။ တစ်ခါခုန်စာပဲ ရတော့မယ်။ သူများအလုပ်လုပ်မလား ကိုယ်ပိုင်အလုပ်လုပ်မလား။ သူများအလုပ်လုပ်မယ်ဆိုလဲ အနည်းဆုံး CXO လို့ခေါ်တဲ့ Chief X Officer ဆရာကြီးအဆင့်ထိ သွားဖို့မှန်းရမယ်.. ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုလဲ ဒီချိန်က စဖို့ ကောင်းတယ်။ အသက် ၄၀ ကျော်ရင်တော့ မရတော့ဘူး။
အသက် ၄၀ ကျော် ရင်တော့ ခုလုပ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အရည်အချင်းကို မြှင့်တင်ပေတော့။ ဒီချိန်ဟာ အထက်ကိုတက်ဖို့ လုံးပန်းနေရမယ့်အချိန်။
အသက် ၅၀ ကျော်ပြီဆိုရင် လူငယ်တွေကို ပျိုးထောင်ပေးရမယ့်အလှည့်ရောက်ပြီ။ သူတို့က ကိုယ့်ထက်တော်နေကြပြီ။ သူတို့ကို အထက်ကိုတက်ဖို့ တွန်းတင်ပေးရမယ်။ ရင်းနှီးမြှုပ်နှံပေးရမယ်။
အသက် ၆၀ ကျော်ရင်တော့ နားပေတော့။ သေဖို့ပဲရှိတော့မယ်။ တစ်ဘဝလုံး ကြိုးစားခဲ့သမျှ အပန်းဖြေရတော့မယ့် အချိန်ရောက်ပြီ။
Jack Ma ရဲ့ ဒီလမ်းစဉ်တိုင်း ပြန်ကြည့်ပြီး ကိုယ်က ဘယ်နားရောက်နေပြီလဲ သုံးသပ်ဖို့ သင့်ပါတယ်။ လူငယ်တွေအနေနဲ့ အမှားတွေ ဆုံးရှုံးမှုတွေ လုပ်လို့ရပါသေးတယ်။ ငယ်တုန်းမှာ မှားထားပါ။ ကြီးမှ မှားရင် ပိုအကျ နာမှာမို့ပါ။
နောက်ဆုံး အကြံပေးချင်တာကတော့ ကြိုးစားအားထုတ်မှုကို ဘယ်တော့မှ မလျှော့ပါနဲ့။ ထို့အတူ ကြိုးစားရင်လဲ ဥာဏ်လေးကပ်ပြီးကြိုးစားပါ။ ဥပမာပြောရရင် - မြောက်ဝင်ရိုးစွန်းမှာ ရေခဲချောင်း ရောင်းသလို ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား ဘယ်လိုမှ ရောင်းရမှာမဟုတ်တဲ့ ကိစ္စမျိုးမှာ ဝီရိယ မကောင်းပါစေနဲ့။ ကံ၊ ဥာဏ်၊ ဝီရိယ သုံးမျိုးမှာ ကိုယ့်ဘက်က ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့ ဥာဏ်နဲ့ ဝီရိယကို အချိုးကျ သုံးစွဲနိုင်ပါစေလို့…
0 Comments